”အဆုံးမဲ့ချစ်ခြင်း”
ငါ့ ကမ္ဘာဦးနေ့ရက်တွေ ကတည်းက
မင်း ကို ငါ ချစ်ခဲ့ ရတာပါ…
မြင်အောင် ကြည့်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ တိုက်ခတ်တဲ့ လေပြေ
မင်းအတွက်ဆို နူးညံ့ နေခဲ့ပေါ့….
ကြားအောင် နားစိုက်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ သီတဲ့တေး
မင်းအတွက်ဆို အေးမြမွှေး နေခဲ့ပေါ့..
တစိုက်မက်မက် နမ်းရှိုက်ကြည့်လိုက်စမ်းပါ ချစ်သူ
ငါ့ချစ်ခြင်းနဲ့ ပွင့်တဲ့ပန်း
မင်းဥယျာဉ်နန်းမှာ ထာဝရလန်းနေခဲ့ပေါ့…
ချစ်သူရေ…
မင်းဆိုတာ ငါ
ငါဆိုတာကလည်း မင်း
အဲဒီလို ခွဲခြားမရနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့
မင်းကိုငါ…ချစ်ခဲ့ရတာပါ….
ချစ်သူရေ….
မင်းအတွက် စကားတစ်ခွန်း
ငါ့နှလုံးသားပြတိုက်မှာ ထုသွန်းထားခဲ့ပြီးသား
အဲဒါ…
အဆုံးမဲ့ချစ်ခြင်းတရားပဲပေါ့…။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
Monday, 2 February 2009
”အဆုံးမဲ့ချစ်ခြင်း”
Posted by
zinethuya
at
05:37
0
comments
”မြုပ်မသွားအောင်.လှုပ်ကြည့်လိုက်”
”မြုပ်မသွားအောင်.လှုပ်ကြည့်လိုက်”
ပြောင်းသွားတဲ့နေ့တွေက
ဘဝကူးသိပ်မကောင်းကြဘူးထင်ပါရဲ့
နေ့တွေသာအဟောင်းပေါ်အသစ်ထပ်
ပြောင်းသွားတဲ့မနက်တွေအားလုံးကညစ်ထပ်ထပ်
ညနေခင်းတွေကရော ဘာများထူးကဲလို့လဲ
အားလုံးမှောင်နဲ့မဲမဲ
နောက်တစ်နေ့ဆိုတာကို မျှော်လင့်ရင်းမျက်ရည်ဝဲနေရတာကလွဲရင်ပေါ့…
မနက်ခင်းထဲကို နှစ်သွင်းထားတဲ့
ခင်ဗျားတို့ကျနော်တို့ရဲ့ မျက်စိနှစ်ကွင်းက
အရှင်းလင်းဆုံးအရောင်တစ်ခုကိုသာတောင့်တ
တကယ်ဆိုကျနော်တို့အားလုံးက
ကိုယ်စီကိုယ်ငှ.အလင်းကိုငတ်ခဲ့ရသူတွေချည့်ပါဘဲ…
ခင်ဗျားနဲ့ကျနော်တို့လိုအပ်နေမှုက အပြာ
ကျနော်တို့ငတ်မွတ်နေမှုက အနာအဆာမရှိတဲ့ ပကတိအပြာ
ကောင်းကင်မှာတိမ်ကင်း.လက်လင်းနေတဲ့အပြာမျိုးကို
ကျနော်တို့တတွေက ဘယ်တန်ခိုးရှင်ဆီကမှမမျှော်ကိုးဘဲ
ကိုယ်ပိုင်ပန်းတစ်ခင်းကိုအနံ့တသင်းသင်းခင်းကျင်းနိုင်ဖို့အတွက်
ကိုယ်ပိုင်လက်မောင်းတွေကိုအားကိုးခဲ့ရင်း
ကိုယ့်ကကြိုးကိုယ်ဆင်ခဲ့ကြသူတွေပါ…
တကယ်လို့များ.ကျနော်တို့အားလုံးဟာ
သံသယကင်းကင်း ယုံကြည်ခြင်းတွေကိုဝတ်ရုံအဖြစ်ခြုံနိုင်ပြီး
ကိုယ့်ပထဝီမြေကြီးပေါ်မှာ ကိုယ့်ခြေထောက်နဲ့ကိုယ်ရပ်နိုင်ရင်
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်သလဲ…
ကျနော်တို့ယုံကြည်နေသမျှ အရာအားလုံး ဖြစ်လို့ရနေတယ်
ကျနော်တို့ယုံကြည်မှုတွေ ရှင်သန်ထမြောက်နေသမျှ
အောက်ဆုံးကသုည အနန္တလည်းဖြစ်နိုင်တယ်…
ကေသရာဇာတစ်ကောင်တည်းနဲ့
တစ်တောလုံးမောင်ပိုင်စီးနိုင်တဲ့ခေတ်မျိုးက
ဟိုး၁၉ရာစုထဲမှာ ကျကွဲကျန်ခဲ့တာကြာပြီ
ပေမမီဒေါက်မမီတဲ့ မြေခွေးတစ်ကောင်အတွက်
ခင်ဗျားတို့ရဲ့.လတ်ဆတ်အသွေးအသားတွေကိုတော့မစတေးကြမိစေနဲ့ပေါ့…
အခုအချိန်မှာ….
ရေးရေးပေါ်တယ်ဆိုတာ စေ့စေ့မတွေးသေးလို့ဖြစ်မှာပါ
ဖြေဆေးမဲ့တယ်ဆိုတာ အနာမသိသေးလို့ဖြစ်မှာပါ
အနာဂတ်ကျန်းမာရေးဥတုမျှတ အကောင်းဆုံးနေ့တွေလှဖို့အတွက်
ဟောင်းလောင်းအစာအိမ်ထဲ ရဲဆေးတစ်ခွက်ကိုလောင်းသွင်း
အကျဉ်းကျနေတဲ့စိတ်ကို အမြင့်ဆုံးရောက်အောင်လွှင့်ထုတ်
စိတ်နဲ့ရုပ်ကိုအကောင်းဆုံးအလုပ်လုပ်နိုင်ဖို့က သေရေးရှင်ရေးတမျှအရေးကြီးတယ်….
ဆင်ခြေပေးတယ်ဆိုတာ ခိုင်လုံတဲ့သက်သေပြချက်ရှိရင်တောင်မှ
ချင့်ချိန်သုံးသပ် ယုံကြည်ပေးရတတ်တဲ့
ခပ်ညံ့ညံ့လူတွေအတွက် တစ်ခုတည်းသောခြွင်းချက်ပါ
ခင်ဗျားတို့ကျနော်တို့က….
အစားနဲ့ကြွင်းတဲ့လူ့အညံ့စားအသိမ်အဖျင်းတွေမဟုတ်ကြလေတော့
ခေါင်းကိုသာမော့..ရင်ကိုတော့ကော့ပေးနေစရာမလိုဘူး
နဖူးနဲ့တွေ့ရင်နဖူးနဲ့တိုက် ဒူးနဲ့တွေ့ရင်ဒူးနဲ့တိုက်ကြရုံပေါ့
သန်းကောင်ထက်တော့ ညဥ့်မနက်ကြတော့ဘူးမဟုတ်လား
ဘုရား.ဘုရားတနေရုံနဲ့တော့ ညဥ့်ယံကအရုဏ်မတက်နိုင်ဘူး….
ကဲ..ခင်ဗျားဘဲစဉ်းစားကြည့်
ပြီးတဲ့အခါကျရင်.လိုအပ်တာကိုပြင်ဆင်
ပါးစပ်တွေကိုလိုအပ်သလောက်သာငြင်ငြင်သာသာလှုပ်ပြီး
လက်တွေ.ခြေထောက်တွေနဲ့ခန္ဒာကိုယ်ကြီးကိုခပ်များများလှုပ်ကြည့်
ငုတ်တုတ်မနက်တွေ မတ်တပ်ညနေဖြစ်မလာဘူးလို့ဘယ်သူပြောနိုင်သလဲ…။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,ဆောင်းယွန်းလ
Posted by
zinethuya
at
05:35
0
comments
Wednesday, 21 January 2009
' မ 'သိစေချင်...
" ' မ 'သိစေချင်... "
လှိုက်ဖြာကြည်နူး
အချစ်ဦးမို့်
နေ့ ဆက်ကာလွမ်း
တမ်းတမ်းတတ
စွဲလမ်းရပါတယ် ' မ '....
အပြုံးမပျက်
နှလုံးသားထက်မှာ
ထားခဲ့တဲ့ ' မ ' ရဲ့ နေရာ
အရင်အတိုင်း
ရှိနေဆဲပါ....' မ '
နေ့စဉ်ရက်ဆက်
လွမ်းတေးတွေ
ဖွင့်ရင်းနဲ့ ' မ ' ပြန်လာမယ့်
ရက်တွေကိုမျှော်ရတာ
ပင်ပန်းလွန်းလှပြီ....' မ '
ထားခဲ့တဲ့ဒီလိုညများ
ရေတွက်ရင်း များနေလေတော့
ကြာတော့လည်းလေ
ကျွန်တော့်ရဲ့ ဒီရင်ဘယ်တဖက်က
အရမ်းပဲ နာနေပြီ....' မ 'ရယ်....
.................................ဇိုင်းသူရ
Posted by
zinethuya
at
06:54
0
comments
Tuesday, 13 January 2009
မိုးကြိုး (၁၀၀) ပြည့်
လေးစားအပ်ပါသည့် မိတ်ဆွေများခင်ဗျား
မိုးကြိုး (၁၀၀) ပြည့်အား ပေးပို့အပ်ပါသည်။
အမှားအယွင်းများတွေ့ရှိပါကလည်း ဝေဖန်အကြံပေးနိုင်ကြပါသည်။
လေးစားစွာဖြင့်
အောင်ထက်
--
ဗိုလ်အောင်ထက်
(လူဆိုးဗိုလ်)
click below..to see this newspaper..
https://docs.google.com/gview?attid=0.1&thid=11ece53fae90d32f&a=v
Posted by
zinethuya
at
22:57
0
comments
Saturday, 6 December 2008
Friday, 5 December 2008
”ဖြေဆေးမဲ့”
”ဖြေဆေးမဲ့”
ဒီနှစ်ထဲမှာ.
တော်လှန်အပွင့်အခက်တွေ
အချိန်ခါမလပ်ကြွေရက်စောနေကြတာ
စိတ်အနာကိုထိုးဆွနေကြသလိုပါဘဲ
ဘယ်အရာမှမမြဲဘူးဆိုတာသိပေမယ့်
ကိုယ်ရှိစေချင်သေးတဲ့လူတွေအတွက်
ဝမ်းနည်းပက်လက်ဖြစ်ရတဲ့သောကက
ဘယ်တရားနဲ့မှဖြေလို့မရသေးဘူး….
ကိုယ်ရောက်စေချင်တဲ့
နောက်ထပ်တစ်ရက်ကို
နောက်တစ်သက်လိုစောင့်နေရတာ
သိပ်ကြာတယ်..ပြီးတော့..စိတ်နာတယ်…
တစ်ရက်ကုန်သွားတိုင်း
အသက်တစ်ရက်တိုသွားမှန်းသိရက်
နောက်ထပ်ရောက်လာမယ့်မနက်ကိုမျှော်ရတာ
သိပ်ကြာတယ်..ပြီးတော့..စိတ်နာတယ်..
မျက်နှာကျက်တွေပေါ်မှာ မနက်ဖြန်
နံရံတွေပေါ်မှာ မနက်ဖြန်
ကြမ်းခင်းတွေပေါ်မှာ မနက်ဖြန်
ဘယ်နေရာမျှအလွတ်မချန်
မနက်ဖြန်ဆိုတဲ့နောက်တစ်ရက်ကိုမျှော်ရတာ
သိပ်ခက်တယ်..ပြီးတော့..စိတ်ပျက်တယ်..
ကိုယ်မကျွမ်းကျင်တဲ့လမ်းမှာတောပစ်သင်စမ်းနေရတာ
ရင်ခွင်ဗလာနဲ့အချစ်ပျောက်ရှာနေရသလိုပါဘဲ
စိတ်နာတယ်..ပြီးတော့..သိပ်ကြာတယ်….
ခံစားချက်အစိုင်အခဲတွေကို
ကဗျာဆိုတဲ့နံရံတွေပေါ်ပစ်ခွဲနေရတာ
သေခါနီးလူမမာတစ်ကောင်ဟန်ဆောင်ပြုံးနေရသလိုဘဲ
စိတ်နူံးတယ်..ပြီးတော့..သိပ်မုန်းတယ်…
Suicide Bomber မရှိလို့သိပ်ကြာနေတာလား
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရလို့သိပ်ကြာနေတာလား
ကုန်းရုန်းလူးလဲထဖို့ကြိုးစားပြန်တော့လည်း
ချည်ငင်ထားလို့တင်းသွားတဲ့သံယောဇဉ်ကြိုးတွေအကြောင်းစဉ်းစားရင်း
အပြင်းဖျားတယ်..ပြီးတော့..အလျဉ်းနားမလည်….
နောက်ဆုံးမှာ
ကိုယ့်ကိုကိုယ်လည်းကိုယ်မသိချင်တော့
ကိုယ့်ကိုကိုယ်လည်းကိုယ်နားမလည်ချင်တော့
ရှာမရတဲ့ဘဲဥခွံတစ်စဟာ
တစ်နေရာရာမှာတော့ကပ်နေမှာသေချာတယ်…
သေချာမှုတစ်ခုကိုရှာဖွေမတွေ့သေးသမျှ
စိတ်ကျတယ်..ပြီးတော့..စိတ်ကျတယ်..။
save by saung yunela poems..
Posted by
zinethuya
at
12:28
0
comments



